ကချင်ပြည်နယ် မြေပြိုမှုကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဥရောပသမဂ္ဂမှ ကူညီထောက်ပံ့မည်

14.07.2020

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကိုင်ကြသည့် ဖားကန့်ဒေသတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော မြေပြိုမှုအတွက် တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဥရောပသမဂ္ဂသည် ယူရိုငွေ ၈၅,၀၀၀ (ကျပ်ငွေ ၁၃၁ မီလီယံကျော်) ပမာဏရှိသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးအပ်ခဲ့သည်။ ဤရန်ပုံငွေသည် မြေပြိုမှုကြောင့် ဒုက္ခရောက်ခဲ့ကြသော လူပေါင်း ၁,၅၀၀ ကျော်ကို တိုက်ရိုက်ကူညီပေးမည် ဖြစ်သည်။

၁၄ ဇူလိုင် ၂၀၂၀ - မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကိုင်ကြသည့် ဖားကန့်ဒေသတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော မြေပြိုမှုအတွက် တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဥရောပသမဂ္ဂသည် ယူရိုငွေ ၈၅,၀၀၀ (ကျပ်ငွေ ၁၃၁ မီလီယံကျော်) ပမာဏရှိသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးအပ်ခဲ့သည်။ ဤရန်ပုံငွေသည် မြေပြိုမှုကြောင့် ဒုက္ခရောက်ခဲ့ကြသော လူပေါင်း ၁,၅၀၀ ကျော်ကို တိုက်ရိုက်ကူညီပေးမည် ဖြစ်သည်။

 

ဥရောပသမဂ္ဂ၏ ရန်ပုံငွေသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) အား လက်ရှိဆောင်ရွက်နေသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်စေရန်နှင့် အန္တရာယ်နှင့်ကြုံတွေ့ခဲ့ရသူများအား ရှေးဦးကုသမှုနှင့် စိတ်ပိုင်း-လူမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် ထောက်ပံ့ပေးပါသည်။ ဤမြေပြိုမှုတွင် အိမ်ထောင်ဦးစီး ဆုံးပါးသွားခဲ့ရသော သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အိမ်ထောင်စုများထံ သတ်မှတ်ချက်များမထားရှိဘဲ ငွေသားလွှဲပြောင်းထောက်ပံ့ခြင်းကိုလည်း ဤရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အသက်မဲ့ခန္ဓာများကို လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ရွှေ့ပြောင်းသယ်ယူနိုင်ရန်အတွက်လည်း အလောင်းအိတ်များကို MRCS ဂိုထောင်မှ ထုတ်ယူအသုံးပြုလျက်ရှိပါသည်။

 

ဤရန်ပုံငွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေ (DREF) အတွက် ဥရောပသမဂ္ဂက ပေးအပ်ထားသော လှူဒါန်းထည့်ဝင်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရက်ရှည်ရွာသွန်းခဲ့ပြီး ဇူလိုင် ၂ ရက်နေ့ နံနက်အစောပိုင်း၌ ဝှေခါကျေးရွာရှိ ကျောက်စိမ်းတူးဖော်သည့်နေရာမှ မြေများသည် မိုးရေဝကာ ရွှံ့နွံလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပါသည်။ ဤမြေပြိုမှုကြောင့် ကျောက်ရှာဖွေသူအများအပြား မြေအောက်သို့ရောက်သွားခဲ့ပြီး အများစုမှာ နိုင်ငံအနှံ့အပြားမှ လာရောက်လုပ်ကိုင်နေသော နေ့စားလုပ်သားများ ဖြစ်ပါသည်။ အသက်မဲ့ခန္ဓာ စုစုပေါင်း ၁၇၂ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော ကျောက်ရှာဖွေသူ ၅၄ ဦးကို ဒေသတွင်းဆေးရုံများသို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။ မကြာမီရက်များတွင် မြေပြိုမှုဖြစ်ပွားခဲ့သော နေရာများသို့ ရှာဖွေကယ်ဆယ်ကူညီရေးအဖွဲ့များ ပိုမိုဝင်ရောက်နိုင်မည်ဖြစ်သောကြောင့် သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။

 

နောက်ခံအကြောင်းအရာ

 

ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာတစ်ဝန်း လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ အများဆုံး ပေးအပ်ကူညီနေသည့် အလှူရှင်အဖွဲ့ ဖြစ်ပါသည်။ ကယ်ဆယ်ရေးအထောက်အပံ့များ ပေးအပ်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အကူအညီလိုအပ်နေသူများနှင့် တစ်သားတည်းရှိသော ဥရောပဒေသ၏ စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို ဖော်ပြခြင်းပင် ဖြစ်ပါသည်။ လူ့အသက်များ ကယ်ဆယ်ရန်၊ လူသားများ ဘေးဒုက္ခခံစားရခြင်းကို ကြိုတင်တားဆီးရန်နှင့် သက်သာလျော့ပါးစေရန်၊ သဘာဝဘေးအန္တရာယ်များနှင့် လူသားကြောင့်ဖြစ်သော ဘေးဒုက္ခများကို ကြုံတွေ့ခံစားရသောသူများ၏ လူ့ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရန် ရည်ရွယ်ပါသည်။

 

ဥရောပသမဂ္ဂသည် နှစ်စဉ် ပဋိပက္ခများနှင့် ဘေးအန္တရာယ်များကြောင့် ဒုက္ခကြုံတွေ့ခံစားရသူပေါင်း ၁၂၀ မီလီယံကျော်ကို ဥရောပ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့ (ECHO) မှတစ်ဆင့် ကူညီထောက်ပံ့လျက်ရှိပါသည်။ ပိုမိုအသေးစိတ်သိရှိလိုပါက ECHO ဝက်ဘ်ဆိုက် သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ဥရောပကော်မရှင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေ (DREF) တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ယူရိုငွေ ၃ မီလီယံကို ထည့်ဝင်ပေးအပ်ရန် သဘောတူညီ လက်မှတ်ရေးထိုးထားပါသည်။ DREF ရန်ပုံငွေများကို အပြည်ပြည်ဆိုင်ရာမှ တရားဝင် အရေးယူပါဝင်ခြင်းမရှိသည့် “အသေးစား” ဘေးအန္တရာယ်များအတွက် အဓိက အသုံးပြုပါသည်။

 

ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေ (DREF) ကို ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် ထောက်ပံ့ထားခြင်းဖြစ်ပါသည်။ အမျိုးသားကြက်ခြေနီအသင်း သို့မဟုတ် လခြမ်းနီအသင်းအနေဖြင့် ဘေးအန္တရာယ်တစ်ရပ်ကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးအထောက်အပံ့ ရုတ်ချည်းလိုအပ်ပါက DREF ထံမှ ရန်ပုံငွေတောင်းခံနိုင်ပါသည်။ အသေးစားဘေးအန္တရာယ်များအတွက် IFRC က ရန်ပုံငွေမှ ခွဲဝေချထားပေးပြီး အလှူရှင်များက ပြန်လည်ဖြည့်တင်းပေးပါသည်။ IFRC နှင့် ECHO အကြား ချုပ်ဆိုထားသော ထည့်ဝင်လှူဒါန်းခြင်း သဘောတူညီချက်အရ ECHO အနေဖြင့် (၎င်း၏ လူသားချင်းစာနာထောက်ထားမှုအဖြစ် ပေးအပ်ပိုင်ခွင့်ရှိသော သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်) လက်ခံသဘောတူသော ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စုစုပေါင်းအများဆုံး ယူရိုငွေ ၃ မီလီယံ အထိ ပြန်လည်ဖြည့်တင်းပေးနိုင်သည်။

 

 

ထပ်ဆောင်းအချက်အလက်များ သိရှိလိုပါက ဆက်သွယ်ရန် -

 

Peter Biro, အာရှနှင့်ပစိဖိတ်ဒေသ သတင်းအချက်အလက်ဆိုင်ရာ အရာရှိ၊ ဥရောပ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့ (ECHO) – peter.biro@echofield.eu