လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရတို့ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးခြင်းအပေါ် ပြောရေးဆိုခွင့်ရှိသူ၏ ကြေငြာ
ယနေ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရတို့ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအများအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရေးကြီးသော ခြေလှမ်းတစ်လှမ်း ဖြစ်ပါသည်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ တက်ကြွသော အားပေးထောက်ခံသူနှင့် ကြာရှည်စွာ ရပ်တည်ခဲ့သော လုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ် ဥရောပသမဂ္ဂသည် ၁၅ အောက်တိုဘာလ ၂၀၁၅ တွင် ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် နိုင်ငံတကာ အသိသက်သေ အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ မိမိတို့ ဥရောပသမဂ္ဂသည် ယနေ့တွင် လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရခြင်း အပေါ် ဂုဏ်ယူ ၀မ်းမြောက်မိပါသည်။
ပါဝင်ဆောင်ရွက်မှုရှိသည့် ငြိမ်းချမ်းရေးဖြစ်စဉ်သည် လွန်စွာ အရေးကြီးပါသည်။ ယနေ့ ချုပ်ဆိုသော သဘောတူစာချုပ်သည် စေ့စပ်ဆွေးနွေးခြင်း၊ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခြင်းများတွင် ပါဝင်ထိတွေ့ဆောင်ရွက်ခြင်းသည်သာ ကောင်းမွန်သော ရွေးချယ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူအားလုံးထံ အချက်ပြမှု တစ်ရပ်လည်း ဖြစ်ပေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဘက်အားလုံးမှ အပေးအယူ အလျော့အတင်းပြုလုပ်ကြရန် လိုအပ်ပါလိမ့်မည်။ အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများအတွက် အထောက်အကူ ပြုသော ၀န်းကျင်ဖန်တီးဖော်ဆောင်ရန်နှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် ပါဝင်ပတ်သက်သူအားလုံးသည် စစ်ရေးလှုပ်ရှားလုပ်ဆောင်မှုများ အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဆက်လက်ဖြစ်ပေါ်နေသော ထိတွေ့တိုက်ခိုက်မှုများကို ရပ်ဆိုင်းကြရမည် ဖြစ်သည်။ နှောင့်နှေးခြင်းမရှိပဲ ထိခိုက်ခံစားနေရသော ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ အပြည့်အ၀ ခြွင်းချက်မရှိ ခွင့်ပြုရမည် ဖြစ်သည်။
ယုံကြည်ကိုးကွယ်မှုနောက်ခံများ ထည့်သွင်း မစဉ်းစားဘဲ မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူ၊ ပြည်သားများသည် ငြိမ်းချမ်းခြင်း၊ ကြွယ်ဝ ချမ်းသားခြင်းတို့နှင့် ထိုက်တန်ပေသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအား ထောက်ခံပံ့ပိုးရန်နှင့် ငြိမ်းချမ်းရေး အမှန် ဖြစ်တည်လာစေရန် အဆိုပါ ဖြစ်စဉ်နှင့်အတူ ဆက်လက် လိုက်ပါဆောင်ရွက်နေမည် ဖြစ်ပါသည်။