ကချင်ပြည်နယ်အခြေအနေနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ (အီးယူ) ၏ ဒေသန္တရထုတ်ပြန်ချက်
ဥရောပသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံရုံး အကြီးအကဲများ၏ သဘောတူညီမှုရယူကာ အောက်ပါ ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန် လိုက်ပါသည်။
ကချင်ပြည်နယ်အတွင်း ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့သည့်ပဋိပက္ခကြောင့် မိသားစုများနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်း၊ တိုးတက်မှုအဆက်ပြတ်ခဲ့ရပြီး မျှော်လင့်ချက်ပျက်သုဉ်းခဲ့ရကာ လူ့အသိုင်းအဝိုင်း များကြား စိတ်ဝမ်းကွဲစေခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံရုံး အကြီးအကဲများသည်၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်နေ့မှ ၂၃ ရက်နေ့ထိ ကချင်ပြည် နယ်သို့ ၃ ရက်တာ သွားရောက်ခဲ့ရာတွင် ကချင်ပြည်နယ် အစိုးရဝန်ကြီးချုပ်၊ ဘာသာရေး၊ နိုင်ငံရေးနှင့် တိုင်းရင်းသား လူမျိုးရေးရာ ခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နေရပ်စွန့်ခွာထွက် ပြေးခဲ့ရသူများ၊ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ပေးသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ကချင်ပြည်နယ်လူထုမှ နွေးထွေးပျူငှာဧည့်ဝတ်ကျေပွန်စွာကြိုဆိုခဲ့ကြ သည့်အတွက် ကျွန်ပ်တို့အနေဖြင့်များစွာကျေးဇူးတင်မိပါသည်။
ဤသို့ သွားရောက်ခဲ့မှုကြောင့်မြန်မာနိုင်ငံ၏ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ ကချင်ပြည်နယ်အတွက် တာရှည်ခံမြဲမြံသည့် ငြိမ်းချမ်းရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းပေးခဲ့ခြင်းမရှိ ဆိုသည့် ကျွန်ပ်တို့၏ စိုးရိမ်မှုမှာ ပိုမို၍ ခိုင်မာလာခဲ့ပါသည်။ ကချင်ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့် ခဲ့ခြင်းကြောင့် ဒေသခံလူထုအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ရင်ဆိုင်နေရခြင်း၊ အသက်အိုးအိမ်နှင့် ဂုဏ်သိက္ခာများ ဆုံးရှုံးရခြင်း၊ အခွင့်အလမ်းများ ဆုံးရှုံးရခြင်း၊ မြေယာ သိမ်းဆည်းမှုများနှင့် ကချင်ပြည်နယ်၏ သဘာဝသယံဇာတများအား ခံနိုင်စွမ်းမရှိ၊ မျှတမှု မရှိသည့်ပုံစံဖြင့် ထုတ်ယူသုံးစွဲခြင်းများ ဖြစ်ပွားလာခဲ့ပါသည်။
ပဋိပက္ခတွင်ပါဝင်နေကြသည့် အဖွဲ့များအနေဖြင့် စစ်မက်ဖြစ်ပွားမှုနှင့်ထိုးစစ်များရပ်တန့်ပေးကြရန်နှင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေအရ အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်မဟုတ်သူများကို ကာကွယ် စောင့်ရှောက်ရမည်ဆိုသည့်ဝတ္တရားများကို လိုက်နာပါရန် ကျွန်ပ်တို့အနေဖြင့်တိုက်တွန်း လိုက်ပါသည်။ အနာဂတ် မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေပိုင်းဖြေရှင်းမှုနှင့် စပ်လျဉ်း၍ နိုင်ငံရေးသဘော တူညီချက်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှသာလျှင် တည်တံ့ မြဲမြံမည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဖြစ်ပါသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုရာတွင် ဥရောပသမဂ္ဂမှာ နိုင်ငံတကာ အသိသက်သေ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ ပြန်လည်သင့်မြတ်ရေး စီမံကိန်းများအတွက် ယူရိုငွေ ၆၈ သန်းဖြင့် ဥရောပသမဂ္ဂမှ ပံ့ပိုး ကူညီပေးလျက်ရှိပြီး ပဋိပက္ခဒဏ်ခံရသည့်လူများအတွက် လူသားချင်း စာနာမှု အကူအညီများ ထောက်ပံ့ ပေးလျက်ရှိပါသည်။ လိုအပ်နေသည့် လူ့အဖွဲ့အစည်းများအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လိုအပ်လျက်ရှိသည့် အကူအညီများကို ဘက်လိုက်ခြင်းမရှိ ကူညီ ပို့ဆောင်ပေးနေမှု အပေါ် လက်ရှိ ကန့်သတ်ပိတ်ပင်ထားမှုများအား လုံခြုံရေး အဖွဲ့များအနေဖြင့် ရုတ်သိမ်းပေးကြပါရန် ကျွန်ပ်တို့အနေဖြင့် တိုက်တွန်းလိုက်ပါသည်။
_____________________________________________
Press contact:
Valerie Zirl
Public Diplomacy Adviser
European Union Delegation to Myanmar
Email: valerie.zirl@eeas.europa.eu
Mobile: +95 92 6114 9098