ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ရပ်တန့်ရေး အပြည်ပြည် ဆိုင်ရာနေ့ အထိမ်းအမှတ် ပြည်တွင်းရှိ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်
ယနေ့သည် တတိယအကြိမ်မြောက် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ရပ်တန့်ရေး အပြည်ပြည်ဆိုင်ရာနေ့ ဖြစ်ပါသည်။ အီးယူနှင့် အဖွဲ့ဝင်နိုင်ငံများသည် လိင်အကြမ်းဖက်မှု ခံခဲ့ရသည့်သူများနှင့် အတူ ရပ်တည်ပါသည်။ လိင်အကြမ်းဖက်မှုသည် စက်ဆုပ်ဖွယ်ကောင်ပြီး လက်ခံနိုင်ဖွယ်ရာမရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါသည်။ ယခုနှစ် အဓိကထားသည့် အကြောင်းအရာမှာ ‘စစ်ကြောင့် မွေးဖွားလာသည့် ကလေးငယ်များ၏ အတိဒုက္ခနှင့် အခွင့်အရေး’ ဖြစ်ပါသည်။ ယင်းအကြောင်းအရာသည် ပဋိပက္ခနှင့် ဆက်နွယ်ပြီး ဖြစ်ပေါ်လာရသည့် လိင်အကြမ်းဖက်မှုကြောင့် စိတ်ချောက်ချား တုန်လှုပ်မှု၊ ဖယ်ကျဉ်ခံရမှု၊ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးချို့တဲ့မှုနှင့် မလိုချင်သည့် ကိုယ်ဝန်ရရှိမှု ကဲ့သို့သော မျိုးဆက် အဆက်ဆက်နှင့် လူမှုအသိုင်းအ၀ိုင်းကြား ပဲ့တင်စေသည့် အကျိုးဆက်များကို အသိအမှတ်ပြုပါသည်။ အစိုးရများသည် လိင်အကြမ်းဖက်မှုနှင့် ကြုံတွေ့ခဲ့ရသည့်သူများအား ပံ့ပိုးကူညီရန် တာဝန်ရှိပြီး ကျူးလွန်သူများကိုလည်း တာဝန်ယူခိုင်းရမည် ဖြစ်ပါသည်။ ယခုနှစ်တွင် ကချင်ပြည်နယ်၊ ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တို့တွင် ပဋိပက္ခ ဖြစ်ပွားရာနေရာများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာများ တိုးလာသည်ကို တွေ့ရပါသည်။ အဆိုပါ အစီရင်ခံစာများနှင့် ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် စုံစမ်းဖော်ထုတ်ကာ ကျူးလွန်သူများအား တာဝန်ခံအောင် ဆောင်ရွက်သွားပါရန် ကျွန်ုပ်တို့အနေဖြင့် ပန်ကြားအပ်ပါသည်။