ကျားထက်သာလွန်၍
အာရှဆင်၊ သင်းခွေချပ်နှင့် ကျားတို့၌ ဘုံတူညီနေသည်မှာ ဘာဖြစ်သနည်း။ တူညီသည့်အချက်မှာ သူတို့အားလုံးကို မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်ပြီး မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကျရောက်နေသော သတ္တဝါမျိုးစိတ်ပေါင်း ၃၃၁ မျိုးတွင် အပါအ၀င်ဖြစ်သည်။ သူတို့သည် မဟာမဲခေါင်ဒေသ၏ တရားမဝင်တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ရောင်းဝယ်ဖောက်ကားမှုတွင် တိုင်းရင်းရိုးရာဆေးများ ဖော်စပ်ရာတွင် အသုံးပြုသည့် အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ၊ ထူးခြားဆန်းပြားသောအစားအစာများ၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများနှင့် ရှားပါးအိမ်မွေးတိရစ္ဆာန်ကုန်သွယ်မှုများ အစရှိသည်ဖြင့် အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ ၁၀၀၀ ကျော်တွင်လည်း အပါအဝင်ဖြစ်သည်။
ဥရောပသမဂ္ဂသည် မဟာမဲခေါင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ အသေးစိတ်လေ့လာမှုကို တင်ပြခဲ့ပါသည်။
ထိုလေ့လာတွေ့ရှိချက်များကို "ကျားထက်သာလွန်၍" အာရှဒေသရှိ ဇီဝမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ မဟာဗျူဟာကျ ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်း ဖော်ထုတ်ရေးဆိုင်ရာ သွင်းအားစုများ အစီရင်စာတွင် ဖော်ပြထားပါသည်။ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ကို အထိမ်းအမှတ်ပြုသည့်အနေဖြင့် ဥရောပသမဂ္ဂသည် သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် ပူးပေါင်းကာ ရန်ကုန်မြို့၌ အစီရင်ခံစာကို ကျွမ်းကျင်ပညာရှင်များနှင့် သတင်းမီဒီယာသို့ ဖွင့်ဟတင်ပြခဲ့ပါသည်။
ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က “ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို မျိုးသုဉ်းမပျောက်ကွယ်အောင် ကာကွယ် စောင့်ရှောက်သွားဖို့ ဥရောပသမဂ္ဂက သန္နိဋ္ဌာန်ချထားပါတယ်။ မြန်မာ့အလှအပတစ်ခုဖြစ်တဲ့ မိုးသစ်တောတွေနဲ့ တောကောင်ကြီးတွေဟာ အမဲလိုက်သတ်ဖြတ်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးကျဆင်းလာမှုတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရ ပါတယ်။ ဥရောပသမဂ္ဂဟာ အနာဂတ်မျိုးဆက်သစ်တွေ အတွက် မြန်မာ့အဖိုးတန် သဘာဝ အမွေအနှစ် တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အပြည့်အဝ၊ အင်တိုက်အားတိုက် ကူညီပေးသွားမှာပါ။ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေကို တရား မဝင်ရောင်းဝယ် ဖောက်ကားနေတာတွေကို ချက်ချင်းရပ်တန်းကရပ်အောင် ဆောင်ရွက်ပေးဖို့တွေ အပါအဝင်ပေါ့။ အခု ဒီအစီရင်ခံစာက တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမဝင်ရောင်းဝယ်ဖောက် ကားနေတာတွေကို တားဆီးပစ်ချင်တဲ့ လူတိုင်းရဲ့ရင်ထဲကတောင်းဆိုနေတဲ့အရာကို ပိုပြီးခိုင်မာ အားကောင်းအောင် လုပ်ပေးနိုင် လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ပြောကြား ခဲ့သည်။
ဥရောပသမဂ္ဂ၏ စီမံကိန်းတစ်ခုဖြစ်သည့် European Union Biodiversity for Life (B4Life) ၏ ကနဦးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်သော ကျားထက်သာလွန်၍ အစီရင်ခံစာမှာ စာတမ်းပြုစုသူ ၂၈ ဦးတို့ ၂ နှစ်တာ အချိန်ယူ ပူးပေါင်းသုတေသန ပြုစုခဲ့ခြင်းဖြစ်ပြီး အာရှရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှ အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်က ပညာရှင် ၃၈၂ ဦးတို့နှင့် တိုင်ပင်ဆွေးနွေး ရယူခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရက ဦးစီးသော ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကို လူပုံလယ်ဖျက်ဆီးခြင်းအပါအ၀င် တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရန် အရေးကြီးမှုကို မီးမောင်းထိုးပြလျက်ရှိသော နိုင်ငံတစ်ဝိုက်ရှိ လှုပ်ရှားမှုအစဉ်အဆက်နောက်တွင် ကျားထက်သာလွန်၍ အစီရင်ခံစာတင်ပြမှု ဖြစ်မြောက်ခဲ့ပါသည်။ ဥရောပသမဂ္ဂသည် တောရိုင်းတိရစ္ဆာန်အင်္ဂါအစိတ်အပိုင်းများ တရားမ၀င်ရောင်းဝယ်မှုကို တားမြစ်ပိတ်ပင်မှုအား မြန်မာနိုင်ငံနယ်စပ်ဒေသများအပါအ၀င် တစ်နိုင်ငံလုံးအတိုင်းအတာ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် နှိုးဆော်လိုက်ပါသည်။ (တရားမဝင် တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုအဆုံးသတ်ရေးနှင့် စပ်လျဉ်းပြီး ပြည်တွင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်)
အစီရင်ခံစာတစ်ခုလုံးကို ဒေါင်းလုတ်ဆွဲလိုပါက (အင်္ဂလိပ်) : https://ec.europa.eu/europeaid/larger-tigers-inputs-strategic-approach-biodiversity-conservation-asia-regional-reports_en
မဟာမဲခေါင်ဒေသဆိုင်ရာအပိုင်းကို မြန်မာလိုဖတ်လိုပါက: