ကူးစက်နိုင်စွမ်းမရှိသည့် ရောဂါဖြစ်ပွားမှုတိုးပွားလာခြင်းနှင့် ရင်ဆိုင်နေရသော မြန်မာ့ကျန်းမာရေးကဏ္ဍအား ဥရောပသမဂ္ဂမှ ကူညီပံ့ပိုးခြင်း

မြန်မာနိုင်ငံ၌ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် ကင်ဆာစသည့် ကူးစက်နိုင်စွမ်းမရှိသောရောဂါများ (NCDs) ဖြစ်ပွားမှုသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း သိသိသာသာမြင့်တက်ခဲ့ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းသေဆုံးမှု၏ သုံးပုံနှစ်ပုံမှာ ထိုကူးစက်နိုင်စွမ်းမရှိသောရောဂါများကြောင့် ဖြစ်ပါသည်။ ထိုအချိုးအစားသည် ၁၉၉၀ ခုနှစ်၏ အချိုးအစားထက် နှစ်ဆနီးပါး ပိုများလျက်ရှိပါသည်။ ဤပြောင်းလဲမှုသည် မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အိုလူဦးရေပမာဏနှင့် ကျန်းမာရေးနှင့် ကိုက်ညီမှုမရှိသော လူနေမှုဘဝပုံစံများဖြစ်သည့် အစားအသောက်စားသောက်ပုံ မှန်ကန်မှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းနှင့် အရက်၊ ဆေးလိပ် သုံးစွဲမှုရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။ သို့တိုင် အထူးသဖြင့် ကျေးလက်ဒေသများ၌ ထိရောက်သောရောဂါရှာဖွေဖော်ထုတ်မှုနှင့် ကုသမှုများသည် လုံလောက်မှုမရှိဘဲ လူအများစုသည် အန္တရာယ်များကို သတိမထားမိကြလျက်ရှိသည်။
၂၀၁၅ ခုနှစ်မှစ၍ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်များသည် ကျန်းမာရေးပညာရှင်များ၊ အပြည်ပြည်ဆိုင်ရာကျွမ်းကျင်သူများနှင့်အတူ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြုပြင်ပြောင်းလဲရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုများအား ခေတ်မီစေရန်နှင့် NCDs အရေအတွက်များပြားလာမှုအပေါ် တုန့်ပြန်မှုတိုးတက်စေရန်အတွက် လုပ်ဆောင်ခဲ့ကြပါသည်။ NCDs အား ကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် စီမံခြင်းဆိုင်ရာ (၅) နှစ်စီမံကိန်းအား ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဆီးချိုရောဂါဖောင်ဒေးရှင်းနှင့် Age International တို့မှ ငွေကြေးထောက်ပံ့ခဲ့ပြီး HelpAge International မှအကောင်အထည်ဖော်ခဲ့ပါသည်။ ထိုစီမံကိန်းသည် ကျန်းမာရေးဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် လက်လှမ်းမီမှုတိုးတက်စေရန်၊ ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်ပေးရန်နှင့် ကျန်းမာရေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ချခြင်းများအတွက် လိုအပ်သော ပိုမိုကောင်းမွန်၍ ယုံကြည်စိတ်ချရသော အချက်အလက်များအား စုဆောင်းရန်တို့ကို အဓိကထားလုပ်ဆောင်ခဲ့ပါသည်။ NCDs ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၇-၂၀၂၁) သည် ယခုအချိန်တွင် စတင်လည်ပတ်နိုင်ပြီဖြစ်ပြီး အစိုးရဌာနများအကြား ပြဿနာများဖြေရှင်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများသည်လည်း တိုးတက်လာပါသည်။
ဥရောပသမဂ္ဂမှ ထောက်ပံ့ထားသော စီမံကိန်းသည် ရပ်ရွာလူထုများအား မိမိတို့ကိုယ်တိုင် ကိုယ်ထူကိုယ်ထအဖွဲ့များမှတစ်ဆင့် တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်ပြီး အသက် (၄၀) နှင့်အထက် လူများ၏ ကျန်းမာရေးအားဆန်းစစ်အကဲဖြတ်ရန်နှင့် NCDs နှင့် ပတ်သတ်သည့် အသိပညာပေးခြင်းတို့ကိုပြုလုပ်နိုင်ရန် အထောက်အပံ့ပေးခဲ့သည်။ ထိုကဲ့သို့ ဆန်းသစ်ဖွဲ့စည်ထားသည့် အသက်အရွယ်အသီးသီးမှ အမျိုးသမီး၊ အမျိုးသားများ အားလုံးပါဝင်သော ကျန်းမာရေးကိုယ်ထူကိုယ်ထ ဆောင့်ရှောက်မှုအသင်းအဖွဲ့များသည် ထိုရှေ့ပြေးရပ်ရွာများအတွင်းရှိ ကျန်းမာရေးနှင့် ယင်းနှင့်ဆက်စပ်သည့် အသိပညာများကို တိုးပွားလာစေနိုင်ပါသည်။ ကျန်းမာရေးစစ်ဆေးမှုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် အသက် (၆၄) နှစ်ရှိပြီဖြစ်သော ဒေါ်ဆန်ဆန်းမြင့်က“ သင်တန်းမတက်ခင်မှာ ကူးစက်နိုင်စွမ်းမရှိတဲ့ရောဂါအကြောင်း ဘာမှမသိခဲ့ဘူး။ အခုတော့ ကိုယ်တိုင်လည်း နားလည်သွားသလို ရပ်ရွာမှာရှိတဲ့ အခြားသူတွေကိုပါ ဝေမျှနိုင်ပြီ” ဟု ပြောကြားခဲ့ပါသည်။
ISHG (၇) ခုသည် လူပေါင်း (၁၀၀၀၀) ကျော်အား ကျန်းမာရေးစစ်ဆေးမှုဝန်ဆောင်မှုများ ပေးခဲ့ပြီး လူပေါင်း (၃၁၄၀) အား ကျန်းမာရေးဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၃၃၀) မှ ကျန်းမာရေးဝန်ထမ်း (၁၃၀၀) ကျော်အား အကုန်အကျနည်းပါးသော NCD ကြိုတင်စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်းနည်းလမ်းများ၊ NCD ဖြစ်ပေါ်လာနိုင်စေသော အဝလွန်ခြင်း၊ အရက်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းတို့အား လျော့ချရန်နည်းလမ်းများနှင့် ထိုအခြေအနေများအား ကုသရန်အတွက် လိုအပ်သည့် ဈေးနှုန်းသင့်တင့်သော ဆေးများအကြောင်းကို လေ့ကျင့်သင်ကြားပေးခဲ့သည်။
ရန်ကုန်မြို့ရှိ သန်လျင်မြို့နယ်မှ ကျန်းမာရေးဝန်ဆောင်မှု လိုက်လံလုပ်ဆောင်ပေးနေသော ဒေါ်တင်တင်ဆန်းက“ အခု ကျွန်မတို့ လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေး ဆောင့်ရှောက်မှုတွေကြောင့် လူနာတွေက ပိုပြီးယုံကြည်လာကြတယ်" ဟု ပြောပြခဲ့ပါသည်။