ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့၏ အဆင့်မြင့်အရာရှိများ မူဝါဒဆွေးနွေးပွဲ

06.12.2019

ပြည်ထောင်စုပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးနှင့် ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt တို့က မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် မူဝါဒဆွေးနွေးပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။


ဒီဇင်ဘာ ၆ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော အဆင့်မြင့်အရာရှိများဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က “အစိုးရအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးကို ထိပ်တန်းဦးစားပေးရမယ်လို့ အသိအမှတ်ပြုပါတယ်။ ဥရောပသမဂ္ဂအနေနဲ့လည်း တူညီတဲ့အမြင်ရှိတဲ့အတွက် ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုမှာ ပညာရေးဟာ အဓိကကျတဲ့ကဏ္ဍတွေထဲက တစ်ခုအပါအဝင်ဖြစ်နေတာပါ။ ပညာရေးဆိုတာ နိုင်ငံတိုင်းရဲ့ ပင်မကျောရိုးပါပဲ။ မြန်မာနိုင်ငံအနေနဲ့ ပညာတတ်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ ပြည်သူလူထုရှိမှသာ စီးပွားရေးတိုးတက်နိုင်မှာဖြစ်ပြီး ပိုအရေးကြီးတာကတော့ အဲဒီလိုမှသာလျှင် ငြိမ်းချမ်းရေးရရှိနိုင်မှာဖြစ်တယ်” ဟု ပြောကြားခဲ့ပါသည်။

၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် အကူအညီပေးရန် နောင်လေးနှစ်အတွင်းတွင် မြန်မာနိုင်ငံဘဏ္ဍာငွေအတွက် ယူရို ၂၂၁ သန်းကို တိုက်ရိုက်ထောက်ပံ့ပေးမည်ဟု အစိုးရနှင့် သဘောတူညီခဲ့ပြီးဖြစ်သည်။ ဤ “ပညာရေးကဏ္ဍဘတ်ဂျက်ကူငွေ” မှာ အရည်အသွေးပြည့်မီသော ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းတို့ကို တိုးတက်စေရန်အတွက် ဥရောပသမဂ္ဂ၏ ရန်ပုံငွေဖြင့် နိုင်ငံတစ်ဝန်းတွင် လုပ်ဆောင်လျက်ရှိသော စီမံကိန်းတို့အပြင် ထပ်ဆောင်းထောက်ပံ့ခြင်းဖြစ်သည်။

ဤအစီအစဉ်ကို ပုံမှန်လုပ်ဆောင်ကျင်းပမည့် မူဝါဒဆွေးနွေးပွဲများ၊ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများအား စိစစ်သုံးသပ်ကာ ကူညီပေးမည့် ကျွမ်းကျင်ပညာရှင်အစည်းအဝေးများတို့နှင့် ချိတ်ဆက်ထားမည်ဖြစ်ပြီး ဘတ်ဂျတ်စောင့်ကြည့်ခြင်းစနစ်ကို ပိုမိုခိုင်မာစေရန် ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ကာ မြန်မာလွှတ်တော်၏ Joint Public Accounts Committee အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်တစ်ရပ်ကိုလည်း တွဲဖက်လုပ်ဆောင်ပေးမည်ဖြစ်သည်။

ပြည်ထောင်စုပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးနှင့် ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt တို့သည် ဒေသခံနှင့် ဥရောပမှ ပညာရေးပြုပြင်ပြောင်းလဲမှုကျွမ်းကျင်ပညာရှင်များနှင့်အတူ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆ - ၂၀၂၁ အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ တိုးတက်မှုအခြေအနေနှင့် ကြုံတွေ့ရသော အခက်အခဲများ၊ အလယ်တန်းကျောင်းများတွင် ခေတ်နှင့်အညီ မွမ်းမံထားသော သင်ရိုးညွှန်းတမ်းအသစ်အား လက်တွေ့သင်ကြားနေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ တိုးတက်လာသော စီးပွားရေးအရ အလုပ်သမားလိုအပ်ချက်ကို ပြည့်မီစေရန် ရန်ကုန်နှင့် မန္တလေးနယ်နိမိတ် ပြင်ပတွင် တိုးချဲ့ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် သင်တန်းတို့အတွက် ဦးစားပေးချက်များ၊ ရခိုင်ပြည်နယ်နှင့် တိုင်းရင်းသားနယ်မြေများတွင် ပညာရေးလက်လှမ်းမီနိုင်စေရန်တို့အပြင် အခြားသော အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ကြပါသည်။

school

“ပြည်ထောင်စုပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးနှင့် ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt တို့မှ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားများ၊ဆရာများနှင့် တွေ့ဆုံ”

ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုစာချုပ်အကြောင်း ပိုမိုသိရှိလိုပါက:

ဘတ်ဂျတ်ကူငွေဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် ဥရောပသမဂ္ဂမိတ်ဖက်များ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို ထောက်ပံ့ကူညီသည့်အနေဖြင့် အကျိုးထိရောက်သော အကူအညီနှင့် ရေရှည်ခိုင်မြဲသော ရလဒ်များကို ရရှိစေ သည့် နည်းလမ်းတစ်ရပ်ပင်ဖြစ်သည်။ မိတ်ဖက်နိုင်ငံများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် တတိယပါတီများအဖြစ် အပြိုင်စနစ်များကို ဖွဲ့စည်းမနေဘဲ တိုင်းပြည်၏ မူဝါဒနှင့် ပြည်သူ့ဘဏ္ဍာစနစ်များကို ပိုမိုကောင်းမွန်စေခြင်းဖြင့် လုပ်ဆောင်ရန် မျှော်မှန်းထားပါသည်။

ပညာရေးဝန်ကြီးဌာနကို ထောက်ပံ့သော ယူရို ၂၂၁ သန်း ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပသမဂ္ဂ၏ အကူအညီသည် ၂၀၂၃ မတိုင်မီ ပညာရေးကဏ္ဍဘတ်ဂျတ်ကူငွေ အဖြစ် ပညာရေးပြုပြင်ပြောင်းလဲမှုများတွင် အသုံးပြုရန် ယူရို ၁၇၅ သန်းကို အစိုးရထံ ပေးအပ်မည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါရန်ပုံငွေများသည် မြန်မာနိုင်ငံပညာရေးဘတ်ဂျတ်သုံးငွေ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်ပြီး ဒီမိုကရေစီလမ်းစဉ်နှင့်အညီ တင်မြှောက်ထားသော အစိုးရအား ဥရောပသမဂ္ဂမှ ထောက်ခံကူညီခြင်းကိုလည်း ဖော်ပြနေပါသည်။ ကျန်ရှိသော ယူရို ၄၆ သန်းကိုမူ သမားရိုးကျ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ဖြည့်စွက်ပညာရေးနှင့် TVET အပါအဝင် PFM လုပ်ဆောင်ချက်များအတွက် အသုံးပြုသွားမည်ဖြစ်သည်။