မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီးမှ ဥရောပနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျန်းမာရေးလုပ်သားများကို အလှူပေးဝေခြင်း
သံအမတ်ကြီး Schmidt က “ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြီးကို ကျွန်ုပ်တို့ ပူးပေါင်းတိုက်ဖျက်ရေးမှာ ကျန်းမာရေးလုပ်သားတွေက ရှေ့တန်းက အမှန်တစ်ကယ်ဆောင်ရွက်နေတဲ့ သူရဲကောင်းတွေဖြစ်ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိ၊ မမှိတ်မသုန်တဲ့ ဝန်ဆောင်မှုတွေဟာ တစ်ကယ်ကို ချီးကျူးထိုက်ပါတယ်။ ဒီလိုမျိုးအရေးပါတဲ့ ဝန်ဆောင်မှုတွေကိုပေးနေတဲ့အတွက် ကျွန်ုပ်တို့ဘက်က အင်မတန်မှ ကျေးဇူးတင်မိပါတယ်။ ပြီတော့ ကျွန်တော်တို့ ပေးတဲ့ပစ္စည်းတွေဟာဆိုလို့ရှိရင် ကျန်းမာရေးလုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အခက်အခဲနဲ့ရင်ဆိုင်နေရစဉ်မှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောခဲ့ပါသည်။
အီးယူမှ အစားအစာ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာနှင့် အခြားသော တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို ဝေဘာဂီနှင့် တောင်ဥက္ကလာဆေးရုံ ရှိ ကျန်းမာရေးလုပ်သား ၅၅၀ ထံသို့ လှူဒါန်းခဲ့ပါသည်။
အီးယူမှ COVID-19 အား တန်ပြန်ကာကွယ်နိုင်ရန်အတွက် အာဆီယံဒေသတွင်းတွင် ကူညီရန် ယူရိုသန်း၃၅၀
(၅၂၆.၂ ဘီလျံကျပ်)နှင့်အထက်အား မကြာသေးမီကပင် ချမှတ်သုံးစွဲထားပါသည်။ မြန်မာနိုင်ငံတွင် အီးယူ၏ ဖွံ့ဖြိုးရေးအစီစဉ်များသည် ၎င်းတို့လုပ်ဆောင်နေသော လုပ်ငန်းစဉ်များကို လိုအပ်ချက်နှင့် လိုက်လျောညီထွေပင် ပြောင်းလဲကာ ဗိုင်းရပ်စ်အကြောင်းအသိပညာပေးမြှင့်တင်ရန်နှင့် ထပ်မံကူးစက်မှုမဖြစ်ပွားရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အကာအကွယ်ပေးကိရိယာများဖြန့်ချိခြင်းတို့ကို အစိုးရနှင့် အရပ်ဖက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတို့ကို ကူညီရန်အတွက် ဆောင်ရွက်နေပြီဖြစ်သည်။ ယူရို၅သန်း (၇.၉ ဘီလျံကျပ်) ရှိသော အီးယူ Myan Ku အရေးပေါ်ငွေသားရန်ပုံငွေသည်လည်း ကိုရိုနာဗိုင်းရပ်စ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်သွားရသော အထည်ချုပ်စက်ရုံလုပ်သားများကို ထောက်ပံ့ပေးလျက်ရှိသည်။ ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီနှင့်လည်း ပူးပေါင်း၍ အီးယူမှ မြန်မာနိုင်ငံ၏ COVID-19 တုံ့ပြန်မှုအတွက် အဓိက အရေးပါသော အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းအား ထောက်ပံ့ကူညီလျက်ရှိကာ နောင်တစ်ချိန်ကူးစက်ရောဂါပြန့်ပွားသောအခါ စစ်ဆေးနိုင်သော စွမ်းရည်မြင့်တက်စေရန်နှင့် ကြိုတင်ပြင်ဆင်နိုင်မှုရှိစေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ COVID-19 နှင့်ပတ်သက်၍ မြန်မာနိုင်ငံအား အီးယူမှ ထောက်ပံ့ကူညီလျက်ရှိသော သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက အောက်ပါနေရာတွင် ကြည့်နိုင်ပါသည် https://bit.ly/3fyidAM