မြန်မာနိုင်ငံမှလူများအားလုံး ပညာသင်ကြားနိုင်ရေး လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် ဥရောပသမဂ္ဂမှ ထောက်ပံပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ပညာရေးသည် တန်ဖိုးထားခံရသော်ငြား ဆယ်စုနှစ်များစွာအတွင်း ရင်းနှီးမြှုပ်နှံမှုနည်းပါးမှုများသည် ပညာရေးကဏ္ဍအား အထိနာစေခဲ့ပါသည်။ ထိုအခြေအနေသည် ကျောင်းထွက်နှုန်း သိသိသာသာများပြားလာမှုကို ဖြစ်ပေါ်စေပါသည်။ အဓိကအားဖြင့် အလယ်တန်းအဆင့်တွင် ကျောင်းထွက်နှုန်းများပြားမှုကြောင့် လူငယ်များတွင် လုပ်ငန်းခွင်ဝင်ရောက်ရန်လိုအပ်သော အရည်အချင်းနှင့် ပညာအရည်အချင်းများ နိမ့်ပါးလျက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့် ပညာဆက်လက်ဆည်းပူးမှုလျော့ပါးလာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတော်အစိုးရသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များအား အကောင်အထည်ဖော်ရန် ရည်မှန်းချက်ချမှတ်ထားပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံကို အသိအမှတ်ပြုထားလျက် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးလာရေးအတွက် ပညာရေးကဏ္ဍတိုးတက်ပြုပြင်ပြောင်းလဲမှုနှင့် ထိုကဏ္ဍတွင်ရင်းနှီးမြှုပ်နှံရန်တို့ကို အလေးထားလျက်ရှိပါသည်။
ပညာရေးသည် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ချက်များတွင် အရေးပါသောကဏ္ဍတစ်ခုလည်းဖြစ်ပါသည်။ ၂၀၁၉ခုနှစ် မတိုင်ခင်နှစ်များတွင်မှု ဥရောပသမဂ္ဂသည် မြန်မာ့ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအား အစိုးရ၏ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရေးဆွဲမှုအား ကူညီပံ့ပိုးရန်နှင့် မြန်မာနိုင်ငံ၏ အချို့တဲ့ဆုံးသောမြို့နယ်များတွင် အရည်အသွေးမြင့်အခြေခံပညာရေး ရရှိရန်အတွက် စွမ်းဆောင်ပေးခဲ့သော ဥရောသမဂ္ဂအပါအဝင် အခြားသောအဖွဲ့အစည်းများမှ အတူတကွပံ့ပိုးထားသည့် "Quality Basic Education Programme" (QBEP)စီမံကိန်းမှတစ်ဆင့် ပံ့ပိုးပေးခဲ့ပါသည်။၂၀၁၉ခုနှစ်တွင်မှု ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့သည် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက်လိုအပ်သည့် ငွေကြေးအထောက်အပံ့နှင့် ဖြည့်စွက်အစီအစဉ်များအတွက် ယူရို ၂၂၁ သန်းတန်ဖိုးရှိ ငွေးကြေးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို "ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုစာချုပ် (Education Sector Reform Contract – ESRC)" သည် မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရရှိရေးအတွက် အထောက်အကူပြုသော အလယ်တန်းပညာရေးစနစ်ပေါ်ပေါက်လာစေရန်နှင့် အလယ်တန်းပညာရေးကို ပြီးဆုံးအောင်သင်ကြားကြစေရန်အတွက်လိုအပ်သည့် သင်ရိုးညွှန်းတန်းပြင်ဆင်မှုများ၊ ဆရာ/ဆရာမများအား သင်တန်းပို့ချမှုများနှင့် စာမေးပွဲစစ်ဆေးမှုများ ပေါ်ပေါက်လာစေရန် ကူညီထောက်ပံ့ပေးမည် ဖြစ်ပါသည်။ ထိုESRCသည် အလုပ်အကိုင်ဈေးကွက်တွင် လိုအပ်နေသည့် အရည်အချင်းများအား သင်ကြားပို့ချပေးသည့် သင်တန်းများအား အထက်တန်းပညာမပြီးမြောက်ခဲ့ကြသော (သို့မဟုတ်) သင်ကြားခွင့်မရခဲ့သောသူများအတွက် အထူးပြု၍ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပေးနိုင်ရန် နည်းလမ်းများရှာဖွေဆောင်ရွက်သွားမည်ဖြစ်သည်။
မည်သည့်ကလေးတစ်ဦးတစ်ယောက်ကိုမျှ နောက်ကောက်ကျမကျန်ခဲ့စေရန် - Conflict Areas Support for Education 2 Learn project (CASE2Learn)
မြန်မာနိုင်ငံ၏ ရှုပ်ထွေး၍ အချိန်ကာလရှည်ကြာပြီဖြစ်သော ပဠိပက္ခများသည် ပညာသင်ကြားခွင့်နှင့် ကျောင်းများတွင် စာသင်ကြားခွင့်တို့အား ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ဝေးလံခေါင်သီသောဒေသများနှင့် ပဠိပက္ခများကြုံတွေ့နေရသော ဒေသများတွင် ပညာရေးဝန်ဆောင်မှုများအား ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားသော ဘာသာရေးအဖွဲ့အစည်းများမှ လုပ်ဆောင်ပေးနေရပါသည်။ တိုင်းရင်းသားဒေသများနှင့် ဝေးလံခေါင်သီဒေသအများစုသည် နိုင်ငံတော်မှပြုလုပ်ပေးသော ပညာရေးဝန်ဆောင်မှုများကို မရရှိပါ။ ဒေသအများစုမှာ ကျောင်းမရှိခြင်း၊ ရှိသော်ငြားလည်း မူလတန်းအထိသာရှိခြင်း အစရှိသည့် အခြေအနေများကို ကြုံတွေ့နေရပါသည်။ ကျောင်းရှိသောနေရာများတွင်မှု ရာသီဥတု၊ အကွာအဝေး၊ နေရာဒေသအခြေအနေများနှင့် လုံခြုံရေးအခြေအနေများသည် ကလေးသူငယ်များ၊ မသန်စွမ်းသောသူများနှင့် မိန်းကလေးငယ်များအတွက် ထိုကျောင်းများသို့သွားရောက်ရန် အခက်အခဲများအဖြစ် တည်ရှိလျက်ရှိသည်။
ဥရောပသမဂ္ဂ၏ CASE2Learn စီမံကိန်းသည် ဝေးလံခေါင်သီဒေသများ၊ တိုင်းရင်းသားဒေသများနှင့် ပဠိပက္ခဖြစ်ပွားလျက်ရှိသောဒေသများတွင် အရည်အသွေးမြင့်ပညာရေးရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်းသင်တန်းများ ပေါ်ပေါက်လာစေရန်အတွက် ရည်ရွယ်ပုံဖော်ထားခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းသည် မြန်မာနိုင်ငံအနှံအပြားရှိ ပြည်နယ်နှင့်တိုင်း (၉) ခုတို့မှ ဆရာ၊ဆရာမ၊ကျောင်းသူ၊ကျောင်းသား (၃၀၀၀၀၀)ယောက်တို့နှင့် အတူတကွတွဲဖက်လုပ်ကိုင်ခြင်း၊ သင်ရိုးညွှန်းတမ်းအဆင့်မြှင့်တင်ခြင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းစီမံခန့်ခွဲသူတို့အား လေ့ကျင့်သင်ကြားပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် အမျိုးသမီးများနှင့် မိန်းကလေးများ ပညာတတ်မြောက်မှုနှုန်း တိုးမြင့်လာစေရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသော ပြဿနာရပ်များအား ရှာဖွေရာတွင် ထောက်ပံ့ပေးလျက်ရှိသည့် ဥရောပသမဂ္ဂ၏ အထောက်အပံ့၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဥရောပသမဂ္ဂသည် ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသော ကလေးငယ်များအား ပညာရေးဝန်ဆောင်မှုများရရှိစေရန်အတွက် ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းပေါင်း (၁၀၀)ခန့်နှင့် အလုပ်လုပ်ဆောင်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတစ်ခုအားလည်း ရန်ပုံငွေထောက်ပံ့ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံနိုင်ငံအား ကမ္ဘာ့နှင့်ချိတ်ဆက်ခြင်း - Erasmus + နှင့် Asi@ Connect
မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများသာမက ပညာရေးဝန်ထမ်းများသည် ဥရောပသမဂ္ဂ၏ပညာရေးအစီအစဉ်ဖြစ်သည့် Erasmus+တွင် များစွာပါဝင်ခဲ့ကြပြီး ထိုစီမံကိန်း၏ ပညာတော်သင်အခွင့်အရေးများမှတစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါသည်။ ၂၀၁၇ခုနှစ်တွင် ကျင်းပခဲ့သော အဆင့်မြင့်ပညာအဆင့်ညီလာခံသည် ပညာရေးကွန်ရက်များတည်ဆောက်ရန်နှင့် မြန်မာကျောင်းသားများအနေဖြင့် ဥရောပတက္ကသိုလ်များတွင် သုတေသနနှင့်ပညာသင်ကြားမှုများ လုပ်ဆောင်နိုင်မှုအခွင့်အရေးများ ချဲ့ထွင်ရန်ရည်ရွယ်ချက်များဖြင့် ဥရောပမှ အဆင့်မြင့်ပညာဆိုင်ရာပညာရှင်များနှင့် မြန်မာနိုင်ငံတွင်းနှင့် ဒေသတွင်းရှိ တက္ကသိုလ်များမှ အကြီးတန်းဝန်ထမ်းများအား တွေ့ဆုံစေခဲ့ပါသည်။
Asi@ Connect သည်လည်း မြန်မာနိုင်ငံအား Trans-Eurasia Information Network (TEIN)မှတစ်ဆင့် အာရှတွင်းရှိ နိုင်ငံ(၂၄)နိုင်ငံတို့မှ တက္ကသိုလ်များနှင့်လည်းကောင်း အာရှ-ပစိဖိတ်နှင့် ဥရောပဒေသရှိ သုတေသနပညာရှင်နှင့် ပညာရှင်ပေါင်း (၅၅)သန်းတို့ဖြင့်လည်းကောင်း ချိတ်ဆက်ပေးပါသည်။