COVID-19 အတွက် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ချက်: မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများ အတွက် ဥရောပသမဂ္ဂမှ ယူရိုငွေငါးသန်းကို အရေးပေါ်ရန်ပုံငွေအဖြစ် သတ်မှတ်ပေးခြင်း
ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သော COVID-19 သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အပါအဝင် မြန်မာနိုင်ငံအတွက် အရေးအပါဆုံးဖြစ်သော ကုန်ပစ္စည်းတင်ပို့ရောင်းချရေးဈေးကွက်များအား ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့သည်။ ဤတိုင်းပြည်အတွင်းရှိ အရေးအပါဆုံးဖြစ်သည့် အထည်ချုပ်၊ အထည်အလိပ်လုပ်ငန်းနှင့် ဖိနပ်ချုပ်လုပ်ရေး ကဏ္ဍများတွင် ဝယ်လိုအားများ ကျဆင်းလာပြီး မှာယူမှုများကိုလည်း ဆိုင်းငံ့ထားသောကြောင့် ဒါဇင်ပေါင်းများစွာသော စက်ရုံများအနေနှင့် ပိတ်သိမ်းခြင်းနှင့် အမျိုးသမီးအများစုပါဝင်သော လုပ်သားထုအတွင်းရှိ ဝန်ထမ်းအင်အားများ လျှော့ချခြင်းတို့လုပ်လာကြသည်။ ၂၀၂၀ မတ်လကုန်တွင် စက်ရုံပေါင်း ၄၀ ကျော်မှ ဝန်ထမ်းပေါင်း ၂၅,၀၀၀ ကျော်တို့ အလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။ လက်ရှိအခြေအနေတွင် အဝတ်အထည်လုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းပေါင်း ၇၀၀,၀၀၀ အနက်မှ ခန့်မှန်းခြေ ၃၅၀,၀၀၀ ခန့်သည် လစာမဲ့ခွင့်ပေးခံရခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ခြေရှိသည်။
မြန်မာနိုင်ငံနှင့် အထည်ချုပ်လုပ်ငန်းရှိ ဒုက္ခရောက်နိုင်ခြေရှိသော အလုပ်သမားများနှင့် သွေးစည်းရပ်တည်သည့် အနေနှင့် ဥရောပသမဂ္ဂသည် မြန်ကူ(“Quick Assistance”) ရန်ပုံငွေ ယူရို ၅ သန်း (၇.၉ ဘီလျံကျပ်) ကို လက်ရှိအခက်အခဲ အဆင်ပြေနိုင်စေရန်အတွက် Wave Money မှ တစ်ဆင့် အလုပ်သမားများအား ပေးဝေသွားမည်ဖြစ်သည်။
ဤ မြန်ကူရန်ပုံငွေ မှ အထောက်အပံ့သုံးမျိုးပေးမည်ဖြစ်သည် :
၁) အလုပ်အကိုင်ဆုံးရှုံးသွားသော သို့မဟုတ် ၎င်းတို့၏နေအိမ်မှ အတင်းအဓမ္မဖယ်ရှားခံရသော အကြပ်အတည်းကြုံတွေ့နေရသည့် အလုပ်သမား ၃၀,၀၀၀ မှ ၈၀,၀၀၀ အထိကို တစ်လမှ သုံးလအထိ လစဉ် ပျမ်းမျှ ကျပ် ၇၅,၀၀၀ ခန့်အထိ ငွေသားလွှဲပေးခြင်း
၂) တရားမဝင် စာချုပ်ဖျက်သိမ်းခံရသော အလုပ်သမားများအတွက် တစ်လလျှင် ကျပ် ၁၂၅,၀၀၀ အထိ ငွေသားလွှဲပေးခြင်း
၃) ဝန်ထမ်းများကို ဆက်လက်ခန့်ထား၍ ငွေသားနှင့်ဖြစ်စေ အခြားသော ငွေသားမဟုတ်သည့် ထောက်ပံ့မှု(နေ/စားငြိမ်း) ဆက်လက်ပေးရန်အတွက် သဘောတူထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများရှိ အလုပ်သမားများအား ငွေသားလွှဲပေးခြင်း
SMART Textile & Garments ဟုခေါ်သည့် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှု စံချိန်စံနှုန်းများ၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ကော်ပိုရိတ်တာဝန်ယူမှု မြင့်တက်စေရန်အတွက် အထောက်အကူပြုလျက်ရှိသော ဥရောပသမဂ္ဂ၏ ရေရှည်ရပ်တည်လျက်ရှိသည့် အထင်ကရအစီအစဉ်မှ မြန်ကူ ရန်ပုံငွေများကို စီမံခန့်ခွဲပေးမည်ဖြစ်သည်။ SMART အနေနှင့်လည်း ရန်ပုံငွေ လက်ခံရရှိထိုက်သူများ ရွေးချယ်ရာတွင် ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့် နီးနီးကပ်ကပ် လက်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်း၏ ခိုင်မာအားကောင်းလှသော ကုန်ထုတ်လုပ်ငန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များ၊ အမှတ်တံဆိပ်ကြီးများနှင့် အစိုးရမိတ်ဖက်ဆိုင်ရာ ကွန်ရက်များဖြင့်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ဥရောပသမဂ္ဂနိုင်ငံများကို အထည်ချုပ်ထုတ်ကုန်များ တင်ပို့နိုင်ခြင်းသည် အင်မတန်မှ ကြီးမားလှသော အောင်မြင်မှုရခဲ့သည့် ဖြစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ၎င်း၏ အထည်ချုပ်ထုတ်ကုန် ၇၀% ကို ဥရောပသို့ ရောင်းချကာ မြန်မာနိုင်ငံအနှံ့အပြားတွင် အမျိုးသမီးငယ်များအတွက် အဓိကထား၍ အလုပ်အကိုင်သစ်ပေါင်း ၄၅၀,၀၀၀ ခန့်ကို ဖန်တီးပေးနိုင်ခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တစ်နိုင်ငံလုံးရှိ လူသန်းပေါင်းများစွာတို့၏ ဘဝများ တိုးတက်ကောင်းမွန်လာရပြီး အလုပ်သမားအခွင့်အရေးပိုမိုရရှိလာခြင်း၊ ပိုမိုမြင့်မားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများဖြစ်ပေါ်လာခြင်းနှင့် ကုန်ထုတ်လုပ်ငန်းစက်ရုံများ ပေါ်ပေါက်လာခြင်းတို့ သိသိသာသာမြင့်တက်လာသည်မှာ ဥရောပသမဂ္ဂမှ ၂၀၁၁ တွင် ဈေးကွက်ဖွင့်လိုက်စဉ်ကတည်းကဖြစ်သည်။ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ အရေးကြီးပြီး ဤကဏ္ဍသည် ဥရောပဈေးကွက်နှင့်လည်း ခိုင်မာစွာ ယှဉ်တွဲရပ်တည်လျက်ရှိသောကြောင့် ဤမြန်ကူ၏ အရေးပေါ် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေး ယန္တရားသည် ဥရောပသမဂ္ဂအနေနှင့် အကြပ်အတည်းရင်ဆိုင်နေရသော အချိန်တွင်ပင် မြန်မာနိုင်ငံနှင့် မည်ကဲ့သို့သွေးစည်း၍ အတူတကွရပ်တည်ကြောင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအကူးအပြောင်းအတွက် ထိရောက်သော အကူအညီများပေးအပ်ရန် ခိုင်မာစွာသန္နိဋ္ဌာန်ချမှတ်ထားကြောင်း လက်တွေ့ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။
ဤမြန်ကူ အရေးပေါ် အလျင်အမြန် ချမှတ်ပေးသော ရန်ပုံငွေသည် ဧပြီလမှ ဒီဇင်ဘာလ ၂၀၂၀ ထိ ချပေးမည်ဖြစ်ပြီး UNOPS မှ စီမံခန့်ခွဲသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု - ဖွံ့ဖြိုးတိုးတက်ရေး - ငြိမ်းချမ်းရေး ချိတ်ဆက်ဆောင်ရွက်သည့် ယန္တရား(NRM) မှ တစ်ဆင့် ရန်ပုံငွေထောက်ပံ့မည်ဖြစ်သည်။