အရှေ့တောင်အာရှ၏ ဇီဝလုံခြုံရေးအတွက် ဥရောပသမဂ္ဂမှ ယူရို ၃.၅ သန်း [မြန်မာကျပ်ငွေ ၅.၆၅ ဘီလျံ] ရင်းနှီးမြှုပ်နှံ

နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကူးစက်နှုန်းမြင့်ရောဂါများနှင့် ကပ်ရောဂါများအား တုန့်ပြန်ဆောင်ရွက်ရန် ထိရောက်သော ဇီဝအန္တရာယ်စီမံခန့်ခွဲရေးစနစ်များ တည်ရှိခြင်းသည် အလွန်အမင်းအရေးပါကြောင်း ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားသော ဖြစ်ရပ်က ပြသညွှန်းဆိုနေပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ - ၁၂ ရက်နေ့တွင် ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံများမှ ပညာရှင် ၄၀ ဦး သည် နေပြည်တော်တွင်တွေ့ဆုံကာ ဒေသတွင်းအစိုးရများနှင့် လက်တွဲ၍ ဇီဝလုံခြုံရေးနှင့် ဇီဝအန္တရာယ်စီမံခန့်ခွဲရေး၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အချက်အလက်များမျှဝေခြင်းကို ပိုမိုခိုင်မာအားကောင်းလာစေရေး၊ နိုင်ငံအလိုက် သက်ဆိုင်ရာ ဥပဒေများနှင့် လမ်းညွှန်ချက်များကို ပြန်လည်သုံးသပ်ရေးနှင့် ၎င်းတို့ ပိုမိုအသက်ဝင်စိုးမိုးစေရန် လုပ်ဆောင်ရေးတို့ကို ဆောင်ရွက်မည့် ၃ နှစ်ကြာ စီမံကိန်းတစ်ရပ်ကို စတင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
“COVID-19 ဖြစ်ပွားပျံ့နှံ့ခြင်းက ဝမ်းနည်းစရာ ဥပမာပေးသွားသလိုပဲ ဇီဝလုံခြုံရေးဆိုတာ လူ့အသက်တွေ ကယ်တင်ဖို့အတွက်ပါ။ လက်ရှိကမ္ဘာကြီးမှာ ကူးစက်နှုန်းမြင့်ရောဂါတွေကို ထိန်းချုပ်ဖို့ဆိုရင် ခိုင်မာတဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးရှိမှ ဖြစ်ပါမယ်။ ကျွန်တော်တို့အားလုံးဟာ ဇီဝလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို တုံ့ပြန်ဆောင်ရွက်ဖို့ ပိုမိုကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ရှိလာဖို့အတွက် အရှေ့တောင်အာရှမှာရှိတဲ့ နို်ငငံတွေကို အချိန်ကိုက်ပေးအပ်ခဲ့တဲ့ အထောက်အပံ့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပေးအပ်နိုင်တဲ့အတွက် ဥရောပသမဂ္ဂအနေနဲ့ ကျေနပ်မိပါတယ်” ဟု ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က BIOSEC အရှေ့တောင်အာရှ၏ ပိုမိုကောင်းမွန်သော ဇီဝလုံခြုံရေး စီမံကိန်း ဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။
ဇီဝလုံခြုံရေး ဆိုသည်မှာ ကူးစက်ရောဂါများ ပျံ့နှံ့နိုင်သည့်အန္တရာယ်ကို လျှော့ချရန်အတွက် သွားလာ လုပ်ကိုင်မှုကို ထိန်းချုပ်ခြင်းနှင့် လုံခြုံရေးလုပ်ထုံးလုပ်နည်းများ ကျင့်သုံးခြင်းကို ရည်ညွှန်းပါသည်။ ၎င်းအပြင် ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် အန္တရာယ်ရှိသော ရောဂါပိုးများ သို့မဟုတ် အဆိပ်အတောက်များကို လူသားများ၊ စားသုံးရန်မွေးမြူထားသည့် တိရစ္ဆာန်များ သို့မဟုတ် သီးနှံများနှင့် ထိတွေ့စေခြင်းလည်း ပါဝင်သည်။ လျင်မြန်ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် လျင်မြန်စွာ ဖော်ထုတ်နိုင်စွမ်းရှိသော စောင့်ကြည့်အကဲခတ်ရေးစနစ်များ၊ လူနှင့်တိရစ္ဆာန်များ၏ ကျန်းမာရေးအတွက် တာဝန်ရှိသော အာဏာပိုင်များ နီးနီးကပ်ကပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဓိကအရေးပါသော အခြားကဏ္ဍများထံ ထိရောက်စွာ သတင်းပို့အစီရင်ခံခြင်းတို့ လိုအပ်ပါသည်။ ဤတွင် မှောင်ခို ရောင်းဝယ်ဖောက်ကားခြင်း၊ ဇီဝအကြမ်းဖက်မှု သို့မဟုတ် စားရေရိက္ခာအကြမ်းဖက်မှုတွင် အသုံးပြုရန် အန္တရာယ်မြင့်မားသော ဇီဝပစ္စည်းများ၊ အထူးသဖြင့် ရောဂါပိုးများ၊ ပိုးမွှားများနှင့် နှစ်မျိုးအသုံးချနိုင်သည့် ဇီဝအဆိပ်အတောက်များကို တရားမဝင် လက်ဝယ်ရယူခြင်း၊ ခိုးယူခြင်း၊ လက်လွှဲပြောင်းခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ အလွဲသုံးစားပြုခြင်းတို့ကို ကာကွယ်ရန်နှင့် တုန့်ပြန်ဆောင်ရွက်ရန်အတွက် အန္တရာယ်စီမံခန့်ခွဲမှုစနစ်များလည်း ပါဝင်ပါသည်။
“ဒီစီမံကိန်းက စိတ်ပါဝင်စားတဲ့ နိုင်ငံတွေအတွက် နိုင်ငံတော်အဆင့်ပြုစုထားတဲ့ အန္တရာယ်မြင့်မားတဲ့ ဇီဝပစ္စည်းစာရင်းတွေကို မွမ်းမံပြင်ဆင်ဖို့နဲ့ ရောဂါဖြစ်စေတဲ့ပိုး အမျိုးအစားနဲ့ ဇာစ်မြစ်ကို တိတိကျကျ ဖော်ထုတ်နိုင်ဖို့အတွက် ဓာတ်ခွဲခန်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဝင်းခိုင်မိုးက ရှင်းလင်းပြောကြားခဲ့သည်။
နောက်ခံ :
BIOSEC - အရှေ့တောင်အာရှ၏ ပိုမိုကောင်းမွန်သော ဇီဝလုံခြုံရေး ဆိုသည်မှာ ဥရောပသမဂ္ဂ (EU) ၏ ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် နျူကလီးယား (CBRN) အန္တရာယ် လျှော့ချရေး အထူးစင်တာစီမံချက် (CoE) အောက်မှ စီမံကိန်းတစ်ခု ဖြစ်ပါသည်။ EU CBRN CoE သည် ရာဇဝတ်မှုအနေနှင့် ဖြစ်စေ၊ မတော်တဆမှုအနေနှင့် ဖြစ်စေ သို့မဟုတ် သဘာဝအလျောက် ဖြစ်စေ CBRN ကပ်ဘေးများ ဖြစ်လာနိုင်ခြေအန္တရာယ်ကို လျှော့ချဖြေရှင်းရန်အတွက် အရှေ့တောင်အာရှတွင် နိုင်ငံ ၁၀ နိုင်ငံ၊ အခြား ဒေသ ၇ ခုမှ မိတ်ဖက်နိုင်ငံ ၅၁ နိုင်ငံနှင့် တွဲဖက်လုပ်ကိုင်နေပါသည်။